တစ်နှစ်အတွင်း လူငယ် သုံးသောင်းကျော် စစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးစုဆောင်းခံထားရ

စစ်တပ်ဟာ ပြည်တွင်းစစ်ကို အဓမ္မစုဆောင်းထားတဲ့လူငယ်တွေရဲ့အင်အားနဲ့ဆက်တိုက်နေ။

၂ဝ၂၅ ခုနှစ် မေလကနေ ၂ဝ၂၆ မေလ ၃၁ ရက်နေ့အထိ စစ်သားစုဆောင်းခံရတဲ့ လူငယ် သုံးသောင်း ကျော် (၃၂,၉၇၄ ဦး) ရှိပြီး အဲဒီအထဲမှာ အဓမ္မဖမ်းဆီးခံရပြီး စစ်တပ်ထဲအပို့ခံရတဲ့ ဖြစ်ရပ် နှစ်ထောင် နီးပါး (၁,၉၁၃ ခု) ရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်ဟာ ပြည်တွင်းစစ်ကို အဲဒီလူငယ်တွေရဲ့အင်အားနဲ့ဆက်တိုက်နေတယ်လို့လည်း စစ်ဘက်ရေး ရာလေ့လာသူတွေက ထောက်ပြကြပါတယ်။

စုဆောင်းခံရတဲ့ထဲမှာ မန္တလေးတိုင်းက အများဆုံးဖြစ်ပြီး လူငယ် ကိုးထောင်ကျော် (၉,၄၃၄ ဦး)၊ ရခိုင် ပြည်နယ် က ဒုတိယအများဆုံးနဲ့ လေးထောင်နီးပါး (၃,၉၉၃ ဦး)၊ ဧရာဝတီတိုင်းက တတိယ အများဆုံး နဲ့ သုံးထောင့်ခြောက်ရာကျော် (၃,၆၄၉ ဦး) စုဆောင်းခံရတာလို့ဆိုပါတယ်။

ကယားပြည်နယ်ကလွဲပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ စစ်သားစုဆောင်းခံရတဲ့သူတွေ ရှိတယ်လို့လည်း NUG လူ့အခွင့်အရေးဌာနကဆိုပါတယ်။

မကွေးတိုင်း စလင်းမြို့နယ်က အသက် ၁၉ နှစ်အရွယ် ကိုပြည့်စုံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် နေ့က အဖမ်းခံရပြီး စစ်သင်တန်းအပို့ခံရတာလို့ ပြောပါတယ်။

“အလုပ်သွားမယ့်အချိန် ရွာကအထွက် မနက်အစော ခြောက်နာရီခွဲလောက်မှာ အဆွဲခံရတာ။ အထွေထွေရုံး(ထွေအုပ်)မှာ သူတို့က လူရွေးရင် တစ်ယောက်ကို ကျပ်သိန်း ၁၅ဝ တောင်းတာ၊ အနောက်က မိသားစုက မရွေးနိုင်တော့ လိုက်လာတာ”

ကိုပြည့်စုံဟာ ပဲခူးတိုင်း အုတ်တွင်းမြို့နယ်နှစ်လခွဲကြာ သင်တန်းတက်ရပြီးတဲ့နောက် မကွေးတိုင်း ပခုက္ကူမြို့နယ် အခြေစိုက် တပ်မ ၁ဝ၁ လက်အောက်ခံ ခလရ ၂၅၂ ကို အပို့ခံလိုက်ရပါတယ်။ အဲဒီကနေ ရခိုင်ပြည်နယ်ကရှေ့တန်း အပို့မခံရခင်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေဆီဆက်သွယ်ပြီး မေလကုန်လောက်က ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

“သူတို့အတွက် ကိုယ်တွေကို အသက်စတေးခိုင်းတဲ့ပုံစံမျိုးဖြစ်နေတာ။ လူငယ်တွေအတွက် အသက် အန္တရာယ်ရှိတာပေါ့ မဖြစ်သာလို့ မလွှဲသာလို့ နေရတဲ့လူတွေက များနေတာ”

ဦးဝင်းအောင် လို့ အမည်လွှဲထားတဲ့ ရန်ကုန်မြို့ခံ တစ်ယောက်ကလည်း သူ့ရဲ့ အသက် ၂ဝ အရွယ် သားဖြစ်တဲ့သူ အဓမ္မအဖမ်းခံရပြီး စစ်ထဲအပို့ခံလိုက်ရတယ်လို့ RFA ကိုပြောပါတယ်။

“လမ်းမှာသွားရင်းနဲ့ နေ့လယ် နေ့ခင်းကြီးကို ပေါ်တာဆွဲခံရတာပေါ့ အင်းစိန်-ပေါက်တောဝလမ်းကနေ ဆွဲသွားတော့ ဘယ်ပျောက်သွားမှန်းမသိတာ။ အိမ်ကလူတွေက အသည်းအသန်လိုက်ရှာနေတာ။ လွန်ခဲ့တဲ့ ငါးလလောက်ကမှ အဆက်အသွယ်ပြန်ရတာ။ အဲ့တော့မှ သူ (စစ်မှုထမ်း)ပါသွားမှန်းသိတာ”

အာဏာသိမ်းစစ်တပ်က အဲဒီလိုအဓမ္မစုဆောင်းထားတဲ့လူငယ်တွေကိုသုံးပြီး ပြည်တွင်းစစ်ကိုတိုက်နေတာလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI) က သုတေသန တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုး က ပြောပါတယ်။

“စစ်တပ်က စစ်မှုထမ်းအင်အားနဲ့ပဲ တန်ပြန်စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာ။ ၂ဝ၂၅ နှစ်ဆန်းတုန်းကဆိုရင် တိုက်ခိုက်ရေးစစ်ထွက်အင်အားရဲ့ ၃၁ ရာခိုင်နှုန်းက ပစ(ပြည်သူ့စစ်မှုထမ်းတပ်သား) တွေ ဖြစ်တယ်။ အခု ၂ဝ၂၆ ဆိုရင် ၈၅ ရာခိုင်နှုန်းက (ပြည်သူ့စစ်မှုထမ်းတပ်သား)တွေပဲ။ လူတစ်ထောင် လောက်ပါတဲ့ စစ်ကြောင်းဆိုရင် လူ ၈ဝဝ-၈၅ဝ လောက်က ပစတွေပဲ၊ အပေါ်က အမိန့်ပေး အဆင့်ဆင့်ကွပ်ကဲတဲ့ လူတွေကပဲ လူဟောင်းတွေပေါ့။ တကယ့်မြေပြင်မှာ အသေခံတိုက်နေရတာက ပစတွေပေါ့”

ဒီလုပ်ရပ်ကိုကြည့်ရင် စစ်တပ်က လူသားဒိုင်းတွေစုဆောင်းနေတာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မရွှေသိင်္ဂီ ကဝေဖန်ပါတယ်။

“လူငယ်တွေအများကြီး ရှေ့အပတ်စဉ်တွေမှာ တောက်လျှောက် ပေါ်တာအဆွဲခံနေရပြီး နှစ်နှစ်ပြည့်ရင် ပြန်လွှတ်မယ်ပြောပေမဲ့ တကယ့်တကယ် ပြန်မလာနိုင်တဲ့လူငယ်တွေအများကြီးပဲ။ စစ်သားစုဆောင်း တာထက် လူသားဒိုင်းတွေ စုဆောင်းတဲ့ပုံစံမျိုးပဲ”

စစ်မှုထမ်းဖို့ စုဆောင်းခံရသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။ NUG လူ့အခွင့် အရေး ဌာနရဲ့ စာရင်းတွေအရ အမျိုးသမီး ၈၆ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းက အများဆုံးနဲ့ ၂၄ ဦး၊ ရန်ကုန်တိုင်း က ၁၉ ဦးနဲ့ ဒုတိယအများဆုံး စုဆောင်းခံထားရပါတယ်။

လူငယ်တွေဟာ စစ်တပ်ထဲလိုက်မလား၊ ထွက်ပြေးမလားဆိုတဲ့အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ Fortify Rights အဖွဲ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ မချစ်ဆိုင်း ကပြော ပါတယ်။

“မြန်မာလူငယ်တွေက မတရားစစ်မှုထမ်းစုဆောင်းခံမလား၊ ဒါမှမဟုတ် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးရ မလားဆိုတဲ့ ကြား နှစ်ကြားမှာ ပိတ်မိနေကြတယ်။ သူတို့ကိုယ်တိုင် မလိုချင်ဘဲ ကြုံနေရတဲ့စစ်ပွဲကြီးမှာ တတ်နိုင်သမျှ မျိုးစုံဖြတ်သန်းနေရတယ်”

အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးကတည်းက လူငယ်တွေကို အဓမ္မစုဆောင်းပြီး သင်တန်းပေးလာတာ အပတ်စဉ် ၂၅ အထိရောက်နေပါပြီ။

အပတ်စဉ်တစ်ခုကို လူအင်အား ငါးထောင် စုဆောင်းမယ်လို့ ပြောထားတဲ့အတွက် အခုဆိုရင် စုဆောင်းခံရတဲ့ လူငယ် ၁၂၅,၀၀၀ ရှိပြီလို့ စောင့်ကြည့်လေ့လာသူတွေက ခန့်မှန်းကြပါတယ်။

အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က စစ်ကောင်စီရဲ့ အတင်းအကျပ် စစ်မှုထမ်းစုဆောင်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မေလ ၂၅ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားသလို APHR ဥက္ကဋ္ဌနဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီ ခရစ္စတီ ဘာရန်ဒ်စ် (Mercy Chriesty Barends) က “အာဏာဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်း နေတဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ မျိုးဆက်တစ်ဆက်လုံးကို ခိုးယူနေတယ်” လို့ ဝေဖန်ထား ပါတယ်။