အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းရွာက နေအိမ် ၄ဝဝ ခန့် မီးရှို့ခံရ

စစ်တပ်က ထန်းပင်ကုန်းရွာရှိ နေအိမ် ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနီးအနား ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေ။

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာကို စစ်တပ်က ဇွန်လ ၉ ရက်နေ့မနက်မှာ မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ စစ်တပ်က ထန်းပင်ကုန်းရွာထဲ ဝင်လာပြီး နောက်တစ်နေ့မနက်မှာ မီးစရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာက ရွာကြီးဆိုတော့ အိမ်ခြေတော့ များတယ်ဗျ။ အိမ်ခြေ ၅၀၀ ဝန်းကျင်မှာ ရှိတယ်။ တစ်ရွာလုံးမှာ ရှိတဲ့အပိုင်းတွေကို တမင်ကို ဝင်ပြီးမီးရှို့လို့ ကုန်သလောက်ပါပဲ။ ရွာမဝင်ခင် ဘေးရွာကနေ လက်နက်ကြီးနဲ့ ထုတယ်။ အပေါ်ကနေ လေကြောင်းနဲ့ လာ လာချတယ်။ ပြည်သူတွေ မရှိတဲ့ရွာကို ဒီအတိုင်းဝင်လာပြီး ကြယ်နီကုန်းပိုင်းကနေ စရှို့တာပါ။”

ရွာထဲက ထန်းပင်ကုန်းရွာမ၊ အနောက်ကုန်း၊ ကြယ်နီကုန်း၊ ဘိုးတော်လေးကုန်း စတဲ့ အပိုင်းအားလုံး မီးရှို့ခံရပြီး နေအိမ် ၄၀၀ ခန့် ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

လတ်တလော စစ်တပ်က ထန်းပင်ကုန်းရွာမှာ အထိုင်ချပြီး ပတ်ဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာ ချောင်းခွကျေးရွာ၊ ကျွဲတဲကုန်းကျေးရွာနဲ့ ချောင်းဆုံလေးကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့ပြီး လူ ငါးဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို ဇွန်လ ၅ ရက်နေ့မှာတော့ အုတ်ဖိုမြို့နယ်က ကျွန်းလှကုန်းကျေးရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အုတ်ဖိုမြို့နယ်ကို စစ်တပ်က ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကတည်းက စစ်ကြောင်းထိုးနေတာကြောင့် ရွာပေါင်း ၂၅ ရွာထက်မနည်းက လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောထားပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂ဝ၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် မြန်မာပြည်တစ်ဝန်း တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ် ရွှေ့ပြောင်းရသူ ၃ ဒဿမ ၇ သန်းကျော်ရှိပါတယ်။