ကလေးမြောက်ပိုင်းကို စစ်တပ် ဝင်ရောက်ပြီးနောက် နေအိမ် ရာနဲ့ချီ မီးရှို့ခံရ

ကလေးနဲ့တမူးမြို့နယ်တို့ကနေ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ကလေးနယ်မြောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို ဇွန်လ ၁၀ ရက်နေ့က အင်အားထောင်နဲ့ချီပါတဲ့ စစ်တပ်စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နေအိမ်ရာနဲ့ချီ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကတည်းက ကလေးနဲ့တမူးမြို့နယ်တို့ကနေ စစ်ကြောင်းနှစ်ကြောင်းထိုးပြီး ကလေးနယ်မြောက်ပိုင်းကို ဇွန်လ ၁၀ ရက်နေ့မှာ စတင်ဝင်ရောက်လာတာလို့ အမည်မဖော်လိုတဲ့ ကလေးဒေသခံတစ်ဦးကပြောပါတယ်။

“အရှေ့ခုံသာ၊ အနောက်ခုံသာကို ဝင်နေတာပေါ့။ မီးကတော့ မနက်ကတည်းကနေ ညနေအထိကို မီးခိုးမတိတ်သေးဘူး။ နေအိမ် တစ်ရာပတ်လည်တော့ရှိပြီဗျ၊ မီးခိုးထွက်ရာတစ်လျှောက်ကို လိုက်ရေကြည့်ရသလောက်ဆိုလေ။ ဒေသခံတွေကတော့ စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေကြတာဆိုတော့ သိပ်ဝေးဝေးမရှောင်ကြဘူးဗျ။ ကလေးမြို့ထဲပဲ လှည့်ပတ်ရှောင်လိုက်တော့တာ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတော့ စားရေးသောက်ရေးကတော့ ရက်ရှည်လာရင် ခက်ခဲတော့မှာဗျ”

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေ စီးနင်းဝင်ရောက်နေတဲ့ ကျေးရွာတွေမှာ အရပ်သားတချို့ သတ်ဖြတ်ခံထားရပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်တပ်က စစ်ကြောင်းထိုးရာလမ်းကြောင်းတလျှောက်ကို လေကြောင်းနဲ့လက်နက်ကြီးတွေအသုံးပြု တိုက်ခိုက်နေတာကြောင့် အရှေ့ခုံသာနဲ့အနောက်ခုံသာကျေးရွာတို့က ဒေသခံ ခုနစ်ဦးထက်မနည်း သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ထောင်နဲ့ချီတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကလေး-တမူး အာရှလမ်းမပေါ်က အရှေ့ခုံသာ၊ အနောက်ခုံသာ၊ နန်းစောင်းပု၊ ကံသာယာ၊ ရာဇဂြိုဟ်၊ ၅၆ မိုင်၊ ကံကြီး၊ စော်ဘွားရေရှင်၊ မင်းသမီး၊ ကနန်၊ ခမ်းပတ်၊ ဘုက္ကန်၊ ခွန်မွန်းနွမ်၊ ရန်ငြိမ်းအောင်၊ ကံကြီး၊ ကျွန်းတောရေရှင်၊ ဝိတုတ်နဲ့ ကြက်ဖနက်စတဲ့ ကျေးရွာ ငါးဆယ်ထက်မနည်းက ဒေသခံတစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်အပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကလေး-တမူးအာရှလမ်းမကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဇွန်လ ၁၀ ရက်နေ့မှာ စစ်တပ်ခန့် အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။